သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေး MOCIT ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ ပြန်ကြားရေး CDM များနှင့် တွေ့ဆုံ

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက်။

သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေးအတွက် MOCIT ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ ပြန်ကြားရေး CDM များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်၊ တွဲဘက်အတွင်းဝန်များ၊ မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications – BOSC )မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်နှင့် ပြန်ကြားရေး CDM များတက်ရောက်ခဲ့ကြပါသည်။

စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သတင်းမှန်များစီးဆင်းနိုင်မှုအပေါ် နိုင်ငံတကာနှင့် အများပြည်သူသိရှိနိုင်ရေး အရေးကြီးသည့် ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော လစ်လပ်နေရာများအတွက် ပြန်ကြားရေး CDM များနှင့် ပူးပေါင်းဆောင်ရွက်ကာ ပိုမွန်ကောင်းမွန်သည့် လုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။

သတင်းမှန်များစီးဆင်းနိုင်ရေးလုပ်ဆောင်ရာတွင် ဗျူဟာမြောက်ပြည်သူ့ဆက်ဆံရေးကို အကျိုးရှိထိရောက်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications – BOSC ) မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်မှ ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ BOSC အနေဖြင့် NUG အစိုးရနှင့် ပြည်သူကြား၊ NUG နှင့် ကမ္ဘာ့မီဒီယာများကြား၊ NUG နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကြားတွင် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနည်းလမ်းများဖန်တီးကာ ပိုမိုကောင်းမွန်သည့် ယုံကြည်မှုတည်ဆောက်နေသည့် အခြေအနေများနှင့် ကတိကဝတ် ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ပန်းတိုင်များကို ရှင်းလင်းပြောကြားပါသည်။

မီဒီယာ၊ ရုပ်သံလိုင်း၊ သတင်းထုတ်ဝေခြင်းကဏ္ဍ၌ လက်ရှိလုပ်ဆောင်နေမှုများနှင့် လိုအပ်လျက်ရှိသည့် တိုင်းရင်းသားဘာသာနှင့် English ဘာသာဖြင့် သတင်းတင်ဆက်မှုလုပ်ငန်းများတွင် ပြန်ကြားရေး CDM များအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးနိုင်ရေး ‌ ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေး CDM ပညာရှင်များမှ လိုအပ်သည့်ပညာရပ်များကို ပြန်လည်ပို့ချပေးခြင်းနှင့် တစ်ဦးချင်းစီအလိုက်လုပ်ဆောင်ပေးနိုင်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်သင့်သည်များ ပြည်သူ့ဆက်ဆံရေးကဏ္ဍပိုမိုထိရောက်ကောင်းမွန်လာစေရေးနှင့် လက်တွဲညီညီ ဆက်လက်ပူးပေါင်းလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များချမှတ်ကာ ပြန်ကြားရေး CDM များနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

#MOCIT

#NUG