by Phoe Lone | May 6, 2025 | News
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် တိုင်းရင်းသားပြည်နယ်တချို့ရှိ ဒေသများတွင် အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး အတွက် ဆက်သွယ်ရေးစက် (Device အစုံ) အလုံးပေါင်း (၂၀၀) နီးပါးခန့် တပ်ဆင်ထားပြီးဖြစ်ပါသည်။ စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် (၂၂) ရှိ၊ ကျေးရွာပေါင်း (၇၈) ရွာတွင် ပြည်သူများ အင်တာနက် ပြတ်တောက်မှု မရှိစေရေးနှင့် ကျောင်းသား/သူများ အွန်လိုင်းပညာရေး အဆက်မပြတ် လေ့လာသင်ယူ နိုင်စေရန်အတွက် Federal Net အင်တာနက်ကွန်ယက် သုံးစွဲနိုင်ရေးဆောင်ရွက်ပေးခဲ့ပြီး လက်ရှိ အချိန်အထိ Federal Net အင်တာနက် နေ့စဉ်ပျမ်းမျှသုံးစွဲသူ (၁၂၃,၀၀၀) ဦးခန့် ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်သူများအတွက် ဆောင်ရွက်ထားရှိပါသည်။
MOCIT
by Phoe Lone | May 6, 2025 | Events , News
၂၀၂၁ တော်လှန်ရေးရဲ့အစ…..
“ဖက်ဒရယ် တပ်မတော် (Federal Army) ထူထောင်ရမယ်လို့ အသံတွေညံလာချိန်။ ဖက်ဆစ်စစ်တပ်ရဲ့ ယုတ်မာမှုကိုခုခံကာကွယ်ရင်း လူထုကလက်နက်ကိုင်ပြီး တုန့်ပြန်လာချိန်မှာ ပြည်သူကိုအခြေပြုထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် Peoples Defence Force ဆိုတဲ့အဖွဲမျိုးနဲ့ စသင့်တယ်ဆိုပြီး စခဲ့ကြတာ ၄ နှစ်တောင်ပြည့်ခဲ့ပြီ။ ဒါဟာစစ်အာဏာရှင်ကိုဖြုတ်ချဖို့ အကြီးမားဆုံးတန်ပြန်လှုပ်ရှားမှု ဖိအားဖြစ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ အာဏာကိုသေနတ်နဲ့ လုယူထားတဲ့ အာဏာရှင်တွေအတွက် ကြီးမားတဲ့ အိမ်မက်ဆိုးဖိအားဖြစ်နေတယ်။ ဒါကြောင့် ဒီကနေ့ထိ အသက်သွေးချွေးပေါင်းများစွာနဲ့ ရင်းနှီးထားရတဲ့ ဒီတော်လှန်ရေးမှာ ရှေ့ဆုံးတန်းကနေ တိုက်ပွဲဝင်နေကြသူအပေါင်းကို လေးစားဂုဏ်ယူလျှက်ပါ”
ဟု ပြည်ထောင်စုဝန်ကြီးမှ PDF တပ်မတော် ၄ နှစ်ပြည့် အထိမ်းအမှတ်သို့ ဂုဏ်ပြုစကားပါးလိုက်ပါသည်။
ဦးထင်လင်းအောင်
ပြည်ထောင်စုဝန်ကြီး
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
by Phoe Lone | Dec 19, 2024 | News
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ SmartGov Facebook Page အသစ်ဖွင့်လှစ်ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနမှ SmartGov Facebook Page (https://www.facebook.com/smartgov/ ) အသစ်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။
Page တွင် SmartGov Products များအကြောင်းနှင့် နည်းပညာနှင့်သက်ဆိုင်သည့်အကြောင်းအရာများအား ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
by Phoe Lone | Nov 23, 2024 | News
MOCITရဲ့ITဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပြီးစမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေကြောင်း ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်အသိပေး
==============
၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ ၁၂ ရက်
Radio NUG
MOCITရဲ့ITဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပြီးစမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေကြောင်း ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်အသိပေးဆိုပါတယ်။
နိုဝင်ဘာ၁၂ရက်ဆိုရှယ်မီယာကနေ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။
“ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ စကစဟာ သတင်းလွတ်လပ်ခွင့်နဲ့ အင်တာနက်သုံးစွဲမှုကို ဖြတ်တောက်ခဲ့တယ်။ VPN ဆိုတဲ့ နည်းကိုသုံးစွဲပြီး လူမှုကွန်ယက်စာမျက်နှာတွေသုံးစွဲနေတဲ့ ပြည်သူတွေကိုလည်း သုံးစွဲလို့မရအောင် VPN တွေကို ပိတ်ဆို့တားဆီးထားလိုက်တယ်။ ဒါပေမယ့် နည်းပညာဆိုတာ ဘယ်လိုမှ တားဆီးမရဘူးဆိုတာကိုပြသဖို့နဲ့ တော်လှန်ရေးအတွက် အဓိကအထောက်အကူဖြစ်စေဖို့ ကျနော်တို့ရဲ့ IT ဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပါပြီ။ မြောက်ပိုင်းရဲ့ အင်အားစုတွေက စမ်းသပ်သုံးစွဲပြီး အတားအဆီးတွေကို ကျော်လွန်အောင်မြင်စွာနဲ့ အမြန်နှုန်းလည်း မကျပဲ NUG အစိုးရရဲ့ အလုပ်တွေကို လုပ်နေနိုင်ပြီဖြစ်ပါတယ်။ ပထမဆုံး စမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေပြီဖြစ်ပါတယ်။ ဘယ် Service Provider ကိုပဲသုံးသုံး အောင်မြင်စွာနဲ့ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့အတူ လူထုကပါ သုံးစွဲနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်”လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာနဟာ တော်လှန်ရေးကိုတိုက်ရိုက်အကျိုးရှိစေဖို့ အင်တာနက်ကို တော်လှန်အင်အားစုတင်မက ပြည်သူတွေပါအသုံးပြုနိုင်ဖို့ ဖက်ဒရယ်နက်ခ်ကိုလည်း တည်ဆောက်ပေးခဲ့ပါတယ်။
#MOCIT
#NUG
by Phoe Lone | Oct 20, 2024 | News
ဘော်စတွန်မြို့တွင် အမေရိကန်ရောက် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပြည်ထောင်စုဝန်ကြီး သွားရောက်တွေ့ဆုံ
ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့။
ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်သည် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တွင် နွေဦးတော်လှန်ရေးကို အမြဲထောက်ပို့ကူညီနေကြသော တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်သူလူထုတစ်ရပ်လုံးတော်လှန်နေသော တရားသောတော်လှန်စစ်အောင်မြင်ရမည့်အကြောင်းများနှင့် ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသားအများအပြား တက်တက်ကြွကြွ ထောက်ပို့နေမှုများကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့သည်။
ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက စစ်အာဏာရှင်နှင့်အပေါင်းအပါမျာကို ခုခံတော်လှန်စစ်ဆင်နွှဲနေရသည့် အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာဆက်ဆံရေးနှင့်သံတမန်ရေးဆိုင်ရာကိစ္စ ဖြစ်ပေါ်တိုးတက်မှုများ ကုလသမဂ္ဂတွင်တရားဝင်ပြောကြားခဲ့မှုများကိုရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါပွဲသို့ ဘော်စတွန်နှင့်အနီးတစ်ဝိုက်ပြည်နယ်များမှ တိုင်းရင်းသားညီအကိုမောင်နှမများ ကျောင်းသားကျောင်းသူများ ထောက်ပို့ပြည်သူများ အများအပြားတက်ရောက်ခဲ့ကြပြီး မေခွန်းများအပြန်အလှန် မေးမြန်းကာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
#MoCIT
#NUG
by Phoe Lone | Aug 13, 2024 | News
အမေရိကန်နိုင်ငံတွင်ကျင်းပသည့် ၁၅ ကြိမ်မြောက် ခွပ်ဒေါင်းအလံတင်အခမ်းအနားနှင့် ၃၆ နှစ်မြောက် ၈၈၈၈ အောက်မေ့ဘွယ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား
ရက်စွဲ။ ဩဂုတ် ၁၃ ရက်၊ ၂၀၂၄ ခုနှစ်
အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘက်ဖလိုမြို့တွင် ၁၅ကြိမ်မြောက် ခွပ်ဒေါင်းအလံတင်အခမ်းအနားနှင့် ၃၆နှစ်မြောက် ၈၈၈၈အောက်မေ့ဘွယ်အခမ်းအနားကို ဩဂုတ်လ ၃ရက်နေ့တွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် “ခွပ်ဒေါင်းအလံတော်ဆိုတာက ခေတ်အဆက်ဆက် တော်လှန်ရေးအင်အားစုတွေ၊ ကျောင်းသားအင်အားစုတွေကိုင်စွဲခဲ့ကြတဲ့ အလံတော်ဖြစ်တယ်။ အဖွဲ့အစည်းတွေအများကြီးပြောင်းသွားခဲ့တယ်၊ တော်လှန်ရေးတွေအများကြီးပြောင်းသွားခဲ့တယ်၊ ဒီအလံတော်ကတော့မပြောင်းလဲဘူး။ ဒီအလံတော်ရဲ့ရှေ့၊ ဒီအလံတော်အောက်မှာ ကျွန်တော်တို့တွေ တိုက်ပွဲဝင်ခဲ့ကြတာ ခေတ်အဆက်ဆက်ရှိခဲ့ပြီ။ ခေတ်တွေဘယ်လိုပြောင်းပြောင်း ဒီအလံတော်ကတော့ အခုအချိန်ထိ တိုက်ပွဲဆက်လက်ဝင်နေရတုန်းပဲဖြစ်တယ်။ မျိုးဆက်ဟောင်းတွေကနေ မျိုးဆက်သစ်တွေထိ လက်ဆင့်ကမ်းပြီး ကျွန်တော်တို့တွေ အလံမလှဲဘဲနဲ့ တိုက်ပွဲဝင်နေကြတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ” ဒီအလံတော်ကိုကျွန်တော်တို့က တော်လှန်ရေးအလံတော်ကနေ အောင်နိုင်ရေးအလံတော်အဖြစ်ကိုသွားဖို့အတွက် နောင်နှစ်ခါဒီအလံတင်တဲ့အချိန်မှာ အောင်နိုင်ရေးအလံအဖြစ်မြင်ဖို့အတွက် ကျွန်တော်တို့ရဲ့အင်အားစုတွေအားလုံးလိုအပ်တယ်။ လူမျိုးဘာသာအသားရောင်တွေမလိုအပ်ဘူး။ အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဖက်ဒရယ်စနစ်ကိုသွားဖို့အတွက် မြန်မာနိုင်ငံမှာလွှင့်တင်သလို ဒီနိုင်ငံမှာလဲလွှင့်တင်နိုင်မယ်လို့ယုံကြည်ပါတယ်။ ပြည်တွင်းပြည်ပအားလုံးပူးပေါင်းပြီးတော့ဒီအလံတော်ကို အောင်ပွဲဝင်အလံဖြစ်အောင်ကြိုးစားကြမယ်လို့ ကျွန်တော်ပြောကြားလိုပါတယ်”ဟု အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အပြင် ဘက်ဖလိုမြို့၊ ဒုတိယမြို့တော်ဝန်၊ အမေရိကန်ရောက်ပြည်ပနိုင်ငံဖွားများရုံး(ONA) ၏ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကြွေးကြော်ကာ ၁၅ကြိမ်မြောက် ခွပ်ဒေါင်းအလံတင်အခမ်းအနားနှင့် ၃၆နှစ်မြောက် ၈၈၈၈အောက်မေ့ဘွယ်အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
#mocit
#NUG
VIDEO
Recent Comments