ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲတစ်ရပ်ကို ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် အွန်လိုင်းမှတဆင့်ကျင်းပခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ Radio NUG၊ Information Technology ဦးစီးဌာန၊ Finance and Administration ဦးစီးဌာန၊ Telecommunications ဦးစီးဌာန၊ BOSC ဌာန တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအတွက် တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ချီးကျူးပါကြောင်း ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့သည်။
” ဒီတော်လှန်ရေးမှာ နေ့တွေ ညတွေမရှိဘူး တစ်ရက်မှကိုမနားဘူး ကျွန်တော်တို့အပါအဝင် အားလုံးက အလုပ်လုပ်နေကြတဲ့အတွက်လည်းကျေးဇူးတင်တယ် ဒီလိုလုပ်ခဲ့လို့လဲ နွေဦးတော်လှန်ရေးက ဒီလောက်အထိအောင်မြင်လာတာဖြစ်တယ် ဒါကို အကုန်လုံးအတွက်ကို ချီးကျူးပါတယ် ဂုဏ်လဲယူပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အတွင်းဝန်တစ်ဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
“ဆက်သွယ်ရေးကဏ္ဍနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ ၂၀၂၃မှာ အခက်အခဲတွေ အများကြီးတွေ့ကြုံခဲ့ရပေမယ့် မြေပြင်မှာရှိတဲ့လူတွေနဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားထုတ်မှုတွေကြောင့် အောင်မြင်ခဲ့တယ် ဒါကြောင့် ၂၀၂၄မှာလည်း အားလုံးစည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်သွားကြမယ် ဒီနေ့တော်လှန်ရေးမှာ ပါဝင်ပေးနေတာဟာ သမိုင်းဝင်မယ့် လုပ်ဆောင်ချက်တွေသာဖြစ်ပါတယ် “ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အတွင်းဝန်တစ်ဦးမှ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ ဦးစီးများက လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၂၃ ခုနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍ အောင်မြင်အောင်လုပ်ဆောင်ခဲ့မှုများ၊ မလျှော့သောဇွဲလုံ့လများဖြင့် မရပ်မနားတိုက်ပွဲဝင်ခဲ့ရမှုများ၊ တော်လှန်ရေးကာလအတွင်း နောက်ကွယ်မှ ပြန်ကြားမှု၊ နည်းပညာအပါအဝင် အင်တာနက်ရရှိရေး အောင်မြင်အောင်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့ပြင် ဝန်ကြီးဌာနလက်အောက်တွင် မြေပြင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆက်သွယ်ရေးမြို့နယ်/ခရိုင်တာဝန်ခံများကလည်း မြေပြင်တွင်တွေ့ကြုံရသည့် မပြေလည်မှုများကို စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး လုပ်နိုင်စွမ်းရှိသလောက် ပါဝင်မည်ဖြစ်ကြောင်း၊ ရာထူးဌာနန္တရ အခွင့်အရေးများနှင့် မိသားစုကို စွန့်လွှတ်ကာ ဌာနတွင် ပါဝင်လုပ်ကိုင်ပေးနေသည့် CDM ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ခရိုင်တာဝန်ခံများ၏ တော်လှန်ရေးကာလအတွင်း ပါဝင်လုပ်ဆောင်ခဲ့မှုများကို မှတ်ကျောက်တင်ထားပါကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ တာဝန်ခံတစ်ဦးက ဆက်သွယ်ရေးခက်ခဲမှုကြောင့် သူကြုံတွေ့ခဲ့ရတဲ့ ကြေကွဲစရာ အဖြစ်အပျက်တခုကို မျှဝေခဲ့ပါသည်။ ထိုအဖြစ်အပျက်မှာ စစ်မြေပြင်တွင် အန္တရာယ်ကြုံကြိုက်နေချိန် ရိက္ခာလာပို့သည့်ရဲဘော်တစ်ဦးအား အချိန်မီမဆက်သွယ်နိုင်သဖြင့် ရန်သူ့လက်ကျရောက်၍ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရမှုများ ဖြစ်ပါသည်။ ထို့ကြောင့် အခုကာလမှာ မြေပြင်တွင် အင်တာနက်ရရှိအောင် ဆောင်ရွက်ပေးခဲ့သူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဝန်ထမ်းများသည် ချစ်ခင်ရင်းနှီးစွာဖြင့် ဉာဏ်စမ်းမေးခွန်းအစီအစဉ်ကို ပျော်ရွှင်စွာကစားခဲ့ကြပြီးနောက် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက တော်လှန်ရေးအင်အားစုများကို ထပ်မံကျေးဇူးတင်ရှိပါကြောင်း၊ ခဏတာစိတ်ပျော်ရွှင်မှုနှင့် ဌာနတွင်းစည်းလုံးညီညွတ်မှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း အောင်ပွဲနှင့်အတူပြန်နိုင်ဖို့ ပိုမိုကြိုးစားသွားရမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ထို့နောက်
“အရေးတော်ပုံ အောင်ရမည်” ၃ကြိမ်ကြွေးကြော်ကာ အမှတ်တရ ဓာတ်ပုံရိုက်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

#mocit