ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန CDM ဝန်ထမ်းများ စတုတ္ထ အကြိမ်မြောက် “စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား”ကျင်းပပြီးစီး
ရက်စွဲ။ ။ဇွန် ၁၄၊ ၂၀၂၄။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT)လက်အောက်ရှိ CDM ဝန်ထမ်းများ၏ စတုတ္ထ အကြိမ်မြောက် “စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား”ကို ဇွန်လ ၂ရက်နေ့တွင် Online မှတဆင့် ကျင်းပပြီးစီးခဲ့ပါသည်။
တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင် နှင့် ရုံးအဖွဲ့၊ CDM Success Committee မှ တာဝန်ရှိသူများ၊ CDM ဦးစီးအရာရှိ ဦးကျော်သက်လင်း၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ အဆိုတော် LEO နှင့် (MOCIT) လက်အောက်ရှိ CDM ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်ထိ အခက်အခဲများကြားမှ တောင့်ခံပေးနေကြသော CDM ဝန်ထမ်းများကို ကျေးဇူးတင်လေးစားပါကြောင်း၊ စိတ်ဓာတ်မြင့်မြတ်သူတွေထံက မိမိတို့ကသာ စိတ်ခွန်အားပြန်လည်ရယူရမှာဖြစ်ပါကြောင်း၊ CDM လှုပ်ရှားမှုဟာ စစ်ကောင်စီကို တုန်လှုပ်စေတဲ့အထိ အောင်မြင်ခဲ့ပါကြောင်း၊ CDM ဖြင့်သာမက တော်လှန်ရေးအတွင်းကျရာကဏ္ဍတွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် ဝန်ထမ်းများကို အထူးလေးစားဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ CDM ကိုယ်စားလှယ်တစ်ဦးမှ စိတ်ခွန်အားဖြည့်ပွဲများကို ၄ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ CDM ကိုယ်စားပြုအဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့ကာ သင်တန်းများပို့ချခြင်း၊ ပညာမျှဝေခြင်းနှင့် သက်ဆိုင်ရာကိုယ်စားလှယ်များမှတဆင့် CDM များကို စုစည်းဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဝန်ထမ်းယန္တရားပေါ်ပေါက်လာရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။၊
CDM Success Committee တာဝန်ရှိသူတစ်ဦးမှလည်း ဝန်ထမ်းများက စိတ်ဓာတ်မကျဘဲ ရပ်တည်နေသည်ကို တွေ့မြင်ရ၍ များစွာဝမ်းမြောက်မိပါကြောင်း၊ အားပေးစကားပြောစရာမလိုအောင် ခိုင်မာတဲ့ဇွဲသတ္တိနဲ့ ရှိနေကြသည်ကို ဝမ်းသာမိပါကြောင်း၊ CSC အနေဖြင့်သာမက ဝန်ထမ်းများအချင်းချင်းအတူတကွ လက်တွဲလုပ်ဆောင်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်မှ စစ်ကျွန်ဘဝမှ ရုန်းထွက်ကာ လွတ်လပ်သော ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် တိုက်ပွဲဝင်နေသူများကို လေးစားဂုဏ်ယူပါကြောင်း၊ တော်လှန်ရေးရေချိန်မြင့်လာသည်နှင့်အမျှ အောင်ပွဲနှင့်နီးကပ်လာပြီဖြစ်ပါကြောင်း၊ မကြာသောကာလမှာ အချင်းချင်းအပြုံးပန်းများဖြင့်တွေ့ဆုံကြရမည်ကို စိတ်ခွန်အားထားကာ ရနိုင်သမျှနည်းလမ်းဖြင့် တော်လှန်ရေးအောင်မြင်ရန် ဆက်လက်ပါဝင်ပေးကြဖို့ စိတ်ခွန်အားဖြည့် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရဲဘော်ညောင်တုန်းနှင့်အဖွဲ့က တေးဂီတများဖြင့်လည်းကောင်း၊ အဆိုတော် Leo မှ “ယုံကြည်ရာ” သီချင်းဖြင့်လည်းကောင်း၊ CDM ဝန်ထမ်းများမှ ကဗျာများရွတ်ဆို၍လည်းကောင်း ဖျော်ဖြေခဲ့ကြပါသည်။
CDM ဦးစီးအရာရှိ ဦးကျော်သက်လင်းမှ စစ်မှန်သူသာ နောက်ဆုံးမှာ အနိုင်ယူမှာဖြစ်ပါကြောင်း၊ CDM စတင်ဝင်ရောက်စဉ်ကတည်းက အဆုံးသတ်ချိန်ထိပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါကြောင်း၊ ဗလငါးတန်ကို အသုံးပြုမှသာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲများကို လွတ်မြောက်နိုင်မည်ဖြစ်ပါကြောင်း အောင်စိတ် အောင်အတွေးဖြင့် ညီညွတ်စွာ စောင့်ထိန်းလုပ်ဆောင်သွားဖို့နှင့် စဉ်းစားတွေးခေါ်တတ်ဖို့လိုပါကြောင်း၊ အတူတကွရှိနေပါကြောင်း အတူကျော်ဖြတ်ကြရမည်ဖြစ်ပါကြောင်း စိတ်ခွန်အားဖြည့်စကားများပြောကြားခဲ့ပါသည်။
ထို့နောက် CDM ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါသည်။
နောက်ဆုံးအစီအစဉ်အဖြစ် CDM ဝန်ထမ်းများအား ကံစမ်းမဲအစီအစဉ်များဖြင့် ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
#MoCIT
#NUG
Recent Comments